ဘယ်လိုလူတွေ အိပ်ဆေးသောက်အိပ်သင့်လဲ
အိပ်ဆေးသောက်အိပ်တယ်ဆိုတာ အခုခေတ်လူငယ်တွေကြားမှာ တော်တော်လေး ခေတ်စားလာတဲ့ အလေ့အထတစ်ခု ဖြစ်လို့လာပါပြီ။
တစ်ချိန်တုန်းက အိပ်ဆေးဆိုတာ ဆရာဝန်ဆေးစာမပါဘဲ ရောင်းခွင့်မရှိသလို၊ ဆေးညွှန်းနဲ့ ဂရုစိုက်ပြီး သောက်သင့်တဲ့ ဆေးပြင်းဖြစ်တာကြောင့် တော်ရုံလူနာတွေကို အိပ်ဆေးညွှန်ကြားလေ့ မရှိပါဘူး။
တချို့သော ကျန်းမာရေးပြဿနာတွေဖြစ်တဲ့
- ညဘက်အိပ်မပျော်တဲ့ ရောဂါရှိခြင်း
- ပြင်းထန်တဲ့ နာကျင်ကိုက်ခဲမှု၊ ယားယံမှုဝေဒနာကို ခံစားနေရခြင်း
- နေထိုင်မှုပုံစံ ပြောင်းလဲပါလျက်နဲ့ အလွယ်တကူ အိပ်မပျော်နိုင်သူတွေ
- ရောဂါပြင်းဝေဒနာ ခံစားနေရတဲ့အတွက် အိပ်ပျော်ရန် ခက်ခဲသူတွေကို ဆေးညွှန်းပေးလေ့ရှိပါတယ်။
- ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ၊ နို့တိုက်မိခင်တွေနဲ့ အသက်အရွယ်ကြီးသူတွေအနေနဲ့ အိပ်ဆေးသောက်အိပ်တာက အဆင်မပြေပါဘူး။
အိပ်ဆေးသောက်အိပ်ခြင်းဟာ ရေတိုအတွက် ပြဿနာမရှိပေမဲ့ ရေရှည်မှာ ဦးနှောက်အာရုံကြောစနစ်ကို ထိုင်းမှိုင်းစေရုံသာမက ဆေးစွဲတဲ့အခြေအနေထိ ဖြစ်လာနိုင်ပါတယ်။
ဒါ့အပြင် ကိုယ်တွင်းအင်္ဂါတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကမောက်ကမဖြစ်စေတဲ့အတွက် ဆရာဝန်တွေအနေနဲ့ အိပ်ဆေးကို ရေရှည်စွဲသောက်ဖို့ လုံးဝညွှန်းမှာမဟုတ်သလို ကိုယ့်သဘောနဲ့ကိုယ်လည်း မသောက်သင့်ပါဘူး။
အိပ်ဆေးသောက်အိပ်မယ်ဆိုရင် သိထားသင့်တဲ့ ဘေးထွက်ဆိုးကျိုး လက္ခဏာတွေအနေနဲ့
- ခံတွင်းခြောက်ခြင်း
- ဝမ်းပျက်ဝမ်းလျှောဖြစ်ခြင်း သို့မဟုတ် ဝမ်းချုပ်ခြင်း
- ခေါင်းကိုက်ခြင်း
- ကြွက်သားအားနည်းလာခြင်း
- အစာမကြေဖြစ်ခြင်း
- လေပွခြင်း၊ ရင်ပူခြင်း
- ပျို့အန်ခြင်း စတာတွေကို ခံစားရနိုင်ပါတယ်။
အကြံပေးချင်တာကတော့ အိပ်ဆေးမသောက်ခင်မှာ ကိုယ်ပုံမှန်ပြသနေကျ ဒါမှမဟုတ် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တစ်ဦးနဲ့ အရင်တိုင်ပင်ပြီး ကိုယ့်အတွက် သင့်တော်မယ့်အိပ်ဆေးအမျိုးအစားနဲ့ ဆေးအညွှန်းကို တောင်းခံပါ။
ဆေးအညွှန်းအတိုင်းသာ အတိအကျသောက်ပြီး ဆေးသောက်နေတဲ့အချိန်မှာ ညဘက်ကောင်းစွာအိပ်ပျော်နိုင်မယ့် အလေ့အကျင့်ကို ဖြည်းဖြည်းချင်း ကျင့်ယူသွားပေးပါခင်ဗျာ။
ဒါ့အပြင် ညဖက်တွေပိုပြီး လွယ်လွယ်ကူကူအိပ်ပျော်နိုင်ဖို့ နည်းလမ်းလေးတွေကိုလည်း ဖော်ပြပေးချင်ပါတယ်။ ဒါတွေကတော့
– ညဖက်အိပ်ချိန်နီးမှ ကော်ဖီ၊ လက်ဖက်ရည်လို ကဖင်းဓာတ်ပါတဲ့သောက်စရာတွေရှောင်ကျဉ်တာ
– အိပ်ချိန်နီးမှ မိုဘိုင်းဖုန်းသုံးတာ၊ တီဗီကြည့်တာတွေကို မပြုလုပ်ပဲ အိပ်ယာဝင်တာ
– အခန်းကိုမီးပိတ်အိပ်တာက ဒါမှမဟုတ် မီးရောင်လေးရှိမှ အိပ်ပျော်တဲ့သူဆိုရင် မီးလုံးသေးသေးလေးထွန်းထားပြီးအိပ်စက်တာ
– ညဖက်မအိပ်ခင် ရေနွေးနွေးလေးနဲ့ရေချိုးပြီးမှ အိပ်စက်တာ
– အိပ်ခါနီးမှ အရက်၊ ဆေးလိပ်သောက်ခြင်းကို ရှောင်ကျဉ်တာ၊ အရက်သေစာ မှီဝဲချိန်နဲ့ အိပ်ချိန်ကို အနည်းဆုံး ၆ နာရီလောက်ခြားထားတာ
– အိပ်ဖို့ခုတင်ပေါ်ရောက်ပြီဆိုရင် စိတ်ကိုလျှော့ထားပြီး ခန္ဓာကိုယ် ကကြွက်သားတွေကို ဖြည်းဖြည်းချင်း ဖြေလျှော့တဲ့နည်းကို အသုံးချတာ
စတဲ့နည်းလမ်းတွေကို လိုက်နာလုပ်ဆောင်ပေးမယ်ဆိုရင် အိပ်ဆေးအသုံးမပြုပဲ ကောင်းမွန်စွာ အိပ်စက်နိုင်ပါလိမ့်မယ်။
ရဲမျိုးမြတ်